ကချင်ပြည်နယ် လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်နှင့်အဖွဲ့ ရွှေကူမြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

ရွှေကူ မတ် ၇

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရွှေကူမြို့နယ်သို့ ရောက်ရှိပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးယု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုမြင့်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ကိုကိုမြင့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ပန်းတင်-မြိုင်သာ-လမ်းကူး-ခေါလဲ-တာလီ-စင်းဖုတ်လမ်း တာဘောင်တင်ခြင်းလုပ်ငန်းအခြေအနေများနှင့် ပန်းတင်-မြိုင်သာ- ခေါလဲ-တာလီ-စင်းဖုတ် လမ်းဦးစီးလမ်းပေါ်တွင် နေထွန်းလင်း ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် ကွန်ကရစ် တံတား ၄ စင်း တည်ဆောက်မှုအခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူ-စီသာ-စီသောင် လမ်းပြုပြင်ထိန်းသိမ်းခြင်းအခြေအနေများကို ကြည့်ရှုပြီး မြင့်မိုရ်ကြယ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် သာစည်-ညောင်ကုန်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ခွင့်ပြုရန်ပုံ ငွေဖြင့် လွင်ပြေဟိန်း ဆောက်လုပ်ရေးကုမ္ပဏီနှင့် ရွှေနန်းထိုက်စံ ဆောက်လုပ်ရေးကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်သော တုံးပုံကျေးရွာရှိ ၄ ခန်းတွဲ၊ ၄ ထပ် RC ဝန်ထမ်းအိမ်ရာ  (၂) လုံး တည်ဆောက်မှုသည် သတ်မှတ်စံချိန် စံညွှန်းနှင့်ကိုက်ညီမှု ရှိမရှိ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)