ဗန်းမော် မတ် ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ရာ ဗန်းမော်ခရိုင် အတွင်းရှိ ပရဟိတဂေဟာ(၃)ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၉)ကျောင်း တို့ အတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများတို့က ဗန်းမော်မြို့နယ်ရှိ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး ရေရှင်ပရဟိတဂေဟာအတွက် (၁၃၂၉၆ဝဝဝ)ကျပ်ကို လည်းကောင်း၊ လူငယ်ဖွံ့ဖြိုးရေး ညောင်ပင်သာပရဟိတဂေဟာအတွက် (၇၂ဝ၃ဝဝဝ)ကျပ်ကို လည်းကောင်း၊ ဘိုးဘွားရိပ်သာအတွက် (၃၇၄၁ဝဝဝ)ကျပ်တို့ကို လည်းကောင်း၊ ဗန်းမော်၊ မိုးမောက်နှင့်ရွှေကူမြို့နယ်တို့မှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း (၉)ကျောင်းတို့အား တစ်ကျောင်းလျှင် ငွေကျပ်(၁ဝ၆ဝဝဝဝ)ကျပ်စီဖြင့် စုစုပေါင်း ငွေကျပ်(၉၅၄ဝဝဝဝ)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၏ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သျှမ်းကလေး (ဗန်းမော်)