ကွန်ပျုတာတက္ကသိုလ်(ဘားအံ)ကို ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်အဖြစ် ကြေညာ

ဘားအံ  မတ်  ၆

ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်း၍  ယနေ့ နံနက် ၁၀ နာရီခွဲက ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်ဖြစ်ကြောင်း ကြေညာခြင်းနှင့် လူငယ်နှင့်မျိုးဆက်ပွားကျန်းမာရေး လှုပ်ရှားမှုအခမ်းအနားကို ကျင်းပကာ ကွန်ပျုတာတက္ကသိုလ်(ဘားအံ)ကို ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်အဖြစ် ကြေညာခဲ့သည်။

လူငယ်များအကြား ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုကြောင့် ဖြစ်ပွားလာနိုင်သည့်ရောဂါများနှင့် ဘေးထွက်ဆိုးကျိုးများကို သိရှိနားလည်ပြီး သောက်သုံးမှုလျော့နည်းကျဆင်းလာစေရန်နှင့် လူငယ်နှင့်မျိုးဆက်ပွား ကျန်းမာရေးကဏ္ဍ၏ အရေးကြီးပုံကို သိရှိစေရန် ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကားပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ဒုတိယပါမောက္ခချုပ်ဒေါက်တာထွန်းမင်းနိုင်က နှုတ်ခွန်းဆက်စကားပြောကြားကာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ကွန်ပျူတာက္ကသိုလ်(ဘားအံ)သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း စတုတ္ထမြောက် ဆေးလိပ်ငွေ့ကင်းစင်သည့် ဧရိယာဖြစ်ပြီး ဘားအံတက္ကသိုလ်၊ ဘားအံပညာရေးကောလိပ်၊ နည်းပညာ တက္ကသိုလ်(ဘားအံ)တို့သည်လည်း ဆေးလိပ်ငွေ့ကင်းစင်သော ဧရိယာများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)