သီပေါမြို့နယ် နမ့်လန်ကျေးရွာတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးတို့အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်

သီပေါ  မတ်  ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနမှ အာဖရိက ဝက်အပြင်းဖျားရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကြက်၊ ငှက် တုပ်ကွေးရောဂါ ကူးစက်ကျရောက်မှု မရှိစေရေးတို့အတွက် အသိပညာပေးခြင်းများကို ယနေ့နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် သီပေါမြို့နယ် နမ့်လန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။                   

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်နှင့် နမ့်လန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းဆန်ယွမ်းတို့က အသီးသီးအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာအုန်းအုန်းမြင့်က အာဖရိက ဝက်အပြင်းဖျားရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေးတို့ အတွက်လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် စျေးအတွင်းရောင်းချလျက်ရှိသော အသား ၊ငါးအရောင်းဆိုင်များနှင့် ကြက်ဥအရောင်းဆိုင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ကာ အသိပညာပေး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်လေး(မြို့နယ်ပြန်/ဆက်)