ဖာပွန် မတ် ၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ကြိုတင်ကာကွယ် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ခရိုင်ပြန်/ဆက်ရုံး၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာဝေလင်း က ကိုရိုနာဗိုင်းရပ်စ်အား ကြိုတင် ကာကွယ်ရမည့် အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်သီသီသင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရမှုမဖြစ်စေရေး ဆောင်ရန်ရှောင်ရန်များကို လည်းကောင်း၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နော်စေးနေမူး က ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)