မိုင်းယု မတ် ၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူတို့အား မိုင်းယုမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများက အာဟာရ၊ ဆေးဝါးနှင့် ထောက်ပံ့ကြေးများကို မတ် ၆ ရက်၊ နံနက် ၁၀ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၌ သွားရောက်ပေးအပ်ခဲ့သည်။
အဆိုပါ စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးက ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရန် အားပေးစကားများပြောကြားခဲ့ပြီး တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ရက်တဖြေးဖြေး နီးကပ်လာပြီးဖြစ်၍ ကျန်းမာအောင်နေရန် လိုအပ်ပါကြောင်း၊ အစာအာဟာရဖြည့်ဝစွာ စားသုံးရန်နှင့် ကျန်းမာရေးကို ထိခိုက်စေမည့် အစားအသောက်များလည်း ချင့်ချိန်စားသောက်ရန်လိုအပ်ပါကြောင်း၊ စမေးပွဲဖြေဆိုမည့် ကာလ အတွင်း ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အသင့်ကုသနိုင်ရန် လိုအပ်သည့် ဆေးဝါး များကိုလည်း ထောက်ပံ့ပေးထားကြောင်းနှင့် ကျန်းမာရေးအခြေအနေ ပိုဆိုးခဲ့လျင် ကျန်းမာရေး ဌာနမှ အနီးကပ်လာရောက် စောင့်ရှောက်ပေးမည်ဖြစ်ကြောင်းစသည့် အခြေအနေတို့ကို ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးစိုင်းတင့်ဆန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မိုင်းယုမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၁၂)ဦးအတွက် ဆန်၊ အချိုရည်၊ ပဲနို့ရည်၊ ခေါက်ဆွဲခြောက်၊ အာဟာရမုန့်၊ ငါးသေတ္တာဘူးများ၊ ဗလာစာအုပ်၊ ဖောင်တိန်နှင့် ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင် (မိုင်းယု)