မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်

မူဆယ် မတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ကော်မတီ(မူဆယ်)မှ ဦးဆောင်၍ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကြက်ခြေနီတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိအသင်းအဖွဲ့များနှင့် ဝိုင်းဝန်း ပူးပေါင်း၍ နယ်စပ်ဂိတ်များ၌ ကျန်းမာရေးစစ်ဆေးမှုများ၊ မူဆယ်မြို့၊ ရပ်ကွက်အသီးသီး၌ ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ၊ ပိုစတာကပ်ခြင်းများ၊ မူဆယ်မြို့အဝင်၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းများ၊ အပူချိန်တိုင်းတာခြင်း များနှင့် နှစ်နိုင်ငံ၊ နယ်စပ်ဂိတ် (မန့်ဝိန်းဂိတ်)၌ ဆိုဒီယမ် ဟိုက်ပိုကလိုရစ် ပိုးသတ်ဆေး ဖျန်းခြင်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

ကြိုတင်ကာကွယ်မှု လုပ်ဆောင်ချက်များကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးကော်မတီ(မူဆယ်)မှ နေ့စဉ်နှင့်အမျှ လေ့လာကြည့်ရှုပြီး လိုအပ်မှုများကိုလည်း ဆောင်ရွက်ပေးသည်။ “မူဆယ်မြို့မှာ အခုလို ကြိုတင်ကာကွယ်မှုတွေကို အရှိန်အဟုန်မပျက် လုပ်ဆောင်တဲ့အတွက် ပြည်သူလူထုကလည်း ကြိုတင်ကာကွယ်ရမယ်ဆိုတဲ့ အသိတရားတွေ ရရှိစေပါတယ်၊ ပြည်သူလူထုထံ ကူးစက်ပျံ့ပွားခြင်း မရှိစေရန် မြေပြင်မှာ ကွင်းဆင်းလုပ်ဆောင် ရတဲ့အတွက် သူတို့ရဲ့ကျန်းမာအတွက် ပိုမိုလုံခြုံစေပါတယ်၊ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သူတို့ရဲ့ မိသားစု အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်တွေမှာ ကျန်းမာရေး အသိပညာတွေကို ပြန်လည်ထပ်မံ မျှဝေနိုင်ပါတယ်၊ မူဆယ်မြို့မှာ ပူးပေါင်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို သိရှိနားလည်လာပြီး သူတို့မိသားစု တွေမှာလည်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ နိုးကြားစေပါတယ်”ဟု အရှိန်အဟုန်မပျက် လုပ်ဆောင်ခြင်း၏ ကြီးမားသည့် အကျိုးကျေးဇူးများ ပြည်သူလူထုအပေါ် သက်ရောက်စေပုံကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး ကော်မတီ (မူဆယ်)အဖွဲ့ဝင် ကဗျာဆရာမျိုးခိုင် (မူဆယ်)က ပြောကြားသည်။

တရုတ်နိုင်ငံ၊ နယ်စပ်ဂိတ်များ (တရုတ်ဖက်ခြမ်း)၌ ကျန်းမာရေး အဆင့်ဆင့် စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိပြီး တရုတ်နိုင်ငံနှင့် ကပ်ရပ်ရှိသည့် မူဆယ်မြို့၌လည်း အရှိန်အဟုန်မပျက် ကြိုတင်ကာကွယ်မှု လုပ်ငန်းများ တစ်ဆင့်မြှင့် လုပ်ဆောင်ခြင်းကြောင့် ရောဂါ ကူးစက်ခံရသူ မတွေ့ရှိရခြင်းဖြစ်ကြောင်း ကဗျာဆရာမျိုးခိုင် (မူဆယ်)က သုံးသပ်ပြောကြားသည်။

“မြန်မာ-တရုတ် နှစ်နိုင်ငံအဓိက နယ်စပ်ဂိတ်တိုင်းမှာ နေ့စဉ်နှင့်အမျှ ကြိုတင်ကာကွယ်မှု လုပ်ဆောင်နေတဲ့အတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတွေ၊ ပရဟိတအသင်း၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မီးတပ်တပ်ဖွဲ့တွေက တက်ညီလက်ညီ ဆောင်ရွက်တဲ့အတွက် လက်ရှိအချိန် အထိတော့ မူဆယ်မြို့မှာ ရောဂါကူးစက်ခံရသူ မတွေ့ရှိရသေးပါဘူး၊ အင်မတန်ကောင်းမွန်တဲ့ ရလဒ်ကောင်းတစ်ခုလို့ ယူဆပါတယ်”လို့ ကဗျာဆရာမျိုးခိုင် (မူဆယ်)က ရောဂါကူးစက်ခံရခြင်း မရှိသေးသည့်အပေါ် ဆက်လက်ပြောကြားသည်။

မူဆယ်မြို့၌ ဆိုဒီယမ်ဟိုက်ပိုကလိုရစ် ပိုးသတ်ဆေးဖျန်းခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကော်မတီ (မူဆယ်)မှ ကြီးကြပ်၍ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)