ကျိုင်းတုံ မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးခန်းမ၊ ကားပါကင်ပါဝင်သည့် (၃)ထပ် ဆောက်အဦနှင့် မြို့အထိမ်းအမှတ် ကျိုင်းတုံနာရီစင် တည်ဆောက် နိုင်ရေးအတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ကျိုင်းတုံမြို့မစျေးအနီး မြို့နယ် စည်ပင်သာယာ ရုံးဝင်း၌ ကျင်းပသည်။
ပန္နက်တင်ပွဲတွင် ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ ဌာနဆိုင်ရာများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် မြို့မိမြို့တို့ တက်ရောက်ကြပြီး သတ်မှတ်နေရာများတွင် ပန္နက်တိုင်များ စိုက်ထူကြသည်။
အဆိုပါ စည်ပင်သာယာရေးခန်းမ၊ ကားပါကင်ပါဝင်သည့် (၃)ထပ်ဆောက်အဦ ကို (EOI)အောင်မြင်သည့် လွိုင်မွေဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် သွားမည်ဖြစ်ပြီး ကျိုင်းတုံနာရီစင်ကို ကျိုင်းတုံမြို့ အထင်ကရ မြို့ရိုးနှင့် ဟော်နန်းတို့၏ Concept Plan ရယူ၍ မြို့၏အထိမ်းအမှတ် အထင်ကရ တစ်ခုဖြစ်စေရေး ရည်ရွယ်၍ ဒေသခံကုမ္ပဏီ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် စည်ပင်သာယာရေး ကော်မတီမှ ကြီးကြပ်ကာ ထိုင်းနိုင်ငံ ဗိသုကာပညာရှင်နှင့် ပူးပေါင်း တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)