မင်းတပ် မတ် ၄
မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမိုင်လီလိန်းနှင့်အဖွဲ့က မင်းတပ်မြို့နယ် ပြေကျေးရွာ၌ ကြက်နှင့်ဝက်ရောဂါ ကာကွယ်ဆေးကို ယမန်နေ့က အခမဲ့လိုက်လံ ထိုးနှံပေးကြောင်း သိရသည်။
မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမိုင်လီလိန်းက "တောင်ပေါ်ဒေသ ဖြစ်တဲ့အတွက် ဆောင်းအကုန် နွေအကူး ရာသီမှာတော့ ကြက်နဲ့ဝက်ရောဂါဟာ အဖြစ်အများဆုံး ဖြစ်ပါတယ်၊ အိမ်နဲ့ ပေ ၅၀ (သို့) ၂၅ ပေအကွာမှာ ကြက်ခြံနဲ့ ဝက်ခြံတွေကို နေရောင်ခြည် တိုက်ရိုက်ရပြီး လေအပြည့်အဝရတဲ့ နေရာမှာ တည်ဆောက်ကြဖို့၊ သန့်ရှင်းရေး စနစ်တကျ ပြုလုပ်ပြီး အစာအာဟာရ ပြည့်ပြည့်ဝဝ ကျွေးခြင်းဖြင့်လည်း ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။ အသိပညာပေးတာတွေ၊ တိုက်တွန်းတာတွေ အမြဲတမ်းလုပ်ပါတယ်။ ဝက်တွေကို ဆီးချုပ်၊ ဝမ်းချုပ်မဖြစ်အောင် အစာကို စနစ်တကျ အရည်ရော၊ အဖတ်ရော သေချာရောပြီး ချက်ပြုတ် ကျွေးမွေးဖို့လိုပါတယ်။ ဝက်ဝမ်းကျရောဂါ ဖြစ်လို့လာခေါ်ရင်လည်း ကျေးရွာတွေအထိသွားပြီး ကာကွယ်ဆေးထိုးကုသ ပေးတာတွေရှိပါတယ်။ သန်ချဆေးကျွေးပါတယ်။ လူတွေကိုတော့ မကူးစက်နိုင်ပါဘူး၊ အာဖရိက ဝက်ပြင်းဖျားရောဂါ၊ ဝက်နားရွက်ပြာရောဂါ၊ ကြက်လည်လိမ်ရောဂါ (ဒေသအခေါ်) ကြက်နာရောဂါ၊ ခွေးရူးရောဂါနဲ့ ကြက်ငှက် တုပ်ကွေးရောဂါတွေသာ လူတွေကို ကူးစက်နိုင်တာပါ။ ဒေသမွေး (တိုင်းရင်းကြက်တွေ) ကို သုံးလတစ်ကြိမ် ကာကွယ်ဆေး ထိုးပေးပါတယ်။ မျက်စိမ်းခပ်ဆေးထည့်ပေးပါတယ်။ တခြားရွာတွေကို လည်း သွားရောက်ပြီး ကာကွယ်ဆေး ထိုးနှံကုသပေးမှာ ဖြစ်ပါတယ်။ ကြိုတင် ဆက်သွယ်ပြီး ဒေသခံတွေ ဒီထက်ပိုမို ပူးပေါင်းပါဝင် လာစေချင်ပါတယ်။" ဟု ပြောသည်။
ကြက်လည်လိမ်ရောဂါနှင့် ဝက်ဝမ်းချုပ်၊ ဝက်ဆီးချုပ်ရောဂါသည် ယခုဆောင်းအကုန် နွေအကူး ကာလတွင် အဖြစ်များသည့် ရောဂါဖြစ်ပြီး ဖြစ်လျှင်ဖြစ်ချင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမိုင်လီလိန်းထံမှ သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)