သီပေါမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဒေသခံ ပြည်သူများတွေ့ဆုံ

သီပေါ မတ် ၄

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာနှင့်   မြို့နယ်အဆင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ၊ ဒေသခံလီဆူတိုင်းရင်းသားများ တွေ့ဆုံပွဲအခမ်းအနားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဂူဆာက အဖွင့်အမှာစကား ပြောကြားရာတွင် သီပေါမြို့နယ်အတွင်း ကျေးရွာများတွင် နေထိုင်လျက်ရှိသော လီဆူတိုင်းရင်းသားများနှင့် အခြားသော တိုင်းရင်းသားများအနေဖြင့် ဘာသာစကား အခက်အခဲများကြောင့် ဌာနဆိုင်ရာများနှင့် ပတ်သက်သောလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိသဖြင့် နားလည်သဘောပေါက်အောင် ရှင်းလင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ လီဆူတိုင်းရင်းသားများ အနေဖြင့်လည်း တွေ့ကြုံနေရသော အခက်အခဲများကို မိမိတို့ ကျေးရွာ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဆွေးနွေးတင်ပြသွားရန်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးမှ လီဆူတိုင်းရင်းသားများက လျှပ်စစ်မီးရရှိရေး၊ ဆိုလာမီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ စာသင်ကျောင်းများ ရရှိရေးနှင့် လမ်းတံတားများ ရရှိရေးတို့ကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဂူဆာက သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးပြီးနောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း လိုအပ်ချက်များနှင့် ပတ်သက်၍ သိရှိလိုသည့်ကိစ္စရပ်များကို မေးမြန်းရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လီဆူတိုင်းရင်းသားများ စုစုပေါင်း အင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်လေး