ဟိုပုံးမြို့၌ လက်ကိုင်စက်လွှ (Chain Saw) ကိုင်ဆောင်၊ ရောင်းဝယ်သူများအား အသိပညာပေး ဟောပြောပွဲပြုလုပ်

ဟိုပုံး မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် လက်ကိုင်စက်လွှ (Chain Saw) ကိုင်ဆောင်၊ ရောင်းဝယ်သူများအား အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် လက်ကိုင်စက်လွှများ အသုံးပြုခြင်း ကြောင့်   သဘာဝရှုခင်းများနှင့် သစ်တော၊ သစ်ပင်များပြုန်းတီး လာခြင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွှန်ဦးမှ ဥပဒေနှင့်ပတ်သက်သော အကြောင်းအရာများ ကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးစစ်ငြိမ်းဦး မှ ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့အထိ ပညာပေးကာလ ဖြစ်သည်။ ပညာပေးကာ  လကျော်လွန်ပြီးနောက် လက်ကိုင်စက်လွှ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း၊ ကိုင်ဆောင်အသုံးပြုခြင်း၊ တရားမဝင် ရောင်းဝယ်ခြင်းများ တွေ့ရှိပါက သစ်တော ဉပဒေပုဒ်မ(၄၂)၊ ပုဒ်မခွဲ(ခ)အရ (၇)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငွေ(၅) သိန်းမှ ကျပ်ငွေ(၁၀)သိန်းအထိ ငွေဒဏ်ဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း၊ ပညာပေးကာလအတွင်း တရားမဝင်လက်ကိုင်လွှစက် လက်ဝယ်ထားရှိသူများသည် သက်ဆိုင်ရာ မြို့နယ်သစ်တော ဦးစီးဌာနရုံး၊ ဘိနပ်စခန်းများသို့ အပ်နှံရမည်ဖြစ်ကြောင်း၊ လက်ကိုင် စက်လွှအသုံးပြုရန် လိုအပ် သောဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာသို့         အသုံးပြုခွင့်လျှောက်ထား ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ် ဥပဒေအရှိ ဒေါ်အေးအေးငြိမ်းနှင့် တာဝန်ရှိသူများက သိရှိလိုသည်များအား ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)