သီပေါတွင် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

သီပေါ မတ် ၄

ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား အာဟာရ ပြည့်ဝစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေပြီး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေး အသိပညာပေး စင်တာတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်မိုးမိုးသက်က ကိုယ်ဝန်ဆောင်နေစဉ် ကာလ အတွင်း စားသောက် နေထိုင်ပုံနှင့် ဆောင်ရန်/ရှောင်ရန်များ၊  မီးမဖွားမီ ဖြစ်ပေါ်လာနိုင်သည့် ရောဂါ ဝေဒနာ လက္ခဏာများကို အသိပညာပေး ဟောပြောခြင်း၊ နို့တိုက်မိခင်များကိုလည်း နို့တိုက်ပုံ နို့တိုက်နည်း များကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်နိုင်နိုင်လင်းက ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကိုရိုရာဗိုင်းရပ်စ် ပြင်းထန် အဆုတ်ရောင် ရောဂါအကြောင်း၊ ဆောင်ရန်/ ရှောင်ရန်များ၊ လိုက်နာ ကျင့်သုံးရမည့် အကြောင်းအရာ များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက်ကိုယ်ဝန်ဆောင် မိခင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆရာမများက ပြန်လည် ရှင်းလင်း ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)