လှိုင်းဘွဲမြို့နယ်၌ ဖူးပွင့်စံပယ် မူလတန်းကြိုကျောင်းဆောင်သစ်ဖွင့်လှစ်

လှိုင်းဘွဲ မတ်လ ၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တာကရားကျေးရွာအုပ်စု တာကရားရှေ့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရ ငွေဖြင့် ဖူးပွင့်စံပယ် မူကြိုကျောင်းဆောင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ် ခဲ့သည်။

ဖူးပွင့်စံပယ် မူလတန်းကြိုကျောင်းဆောင် ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျောင်းဆောင်သစ် ပြုပြင်ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ မူကြိုကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

အဆိုပါ ဖူးပွင့်စံပယ် မူကြိုကျောင်းဆောင် ( ၆၀ပေ x ၃၀ပေ )အား မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ကျပ်သိန်း(၅၀)ဖြင့် ပြုပြင်တိုးချဲ့ဆောက်လုပ်ခြင်းဖြစ်ပြီး အတိုးရငွေများဖြင့် အဆိုပါ ကျေးရွာတွင် ဆောင်ရွက်ပြီး လုပ်ငန်း (၅) ခုနှင့်ဆောင်ရွက်ဆဲလုပ်ငန်း (၁) ခု စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း(၆)ခုအား ကျေးရွာသူ/ကျေးရွာသားများက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)