နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဆွမ္မရာမြို့၌ ကျင်းပ

ဆွမ္မရာ    ဇန်နဝါရီ     ၁၆

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ် များတွင်နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်နေ့ရောက်တိုင်းအလှည့်ကျ နိုင်ငံတော်အဆင့် စည်ကား သိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သော်လည်း ယခုကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတော်အဆင့် မကျင်းပဖြစ်သော်လည်း မိမိမြို့နယ်များတွင်သာ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ကို အကျဉ်းချုံးသာ ကျင်းပလျက်ရှိရာ ဆွမ္မရာမြို့တွင် ယမန်နေ့နံနက်က နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ဆွမ္မရာမြို့ ရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးရွေပေါ့က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားသည်။ ဆက်လက်၍ ရိုးရာသူကြီး ဦးနိုင်လောက သူကြီးနှင့် စပ်လျဉ်းသော ထုံးတမ်းစဉ်လာများအား ပြောကြားသည်။ ယင်းနောက် သက်ကြီး ဦးဆနွမ်းက နာဂရိုးရာအလှူကြီးအဆင့်ဆင့်ပြုလုပ်ခဲ့ပုံ ဓလေ့များကို ရှင်းလင်းပြောကြားပြီး မြို့မိ/ဖ ဦးမတ်ဆိုင်းက နာဂရိုးရာနှစ်သစ်ကူးပွဲတော်စတင်ကျင်းပလာပုံ သမိုင်းအကျဉ်းကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဆွမ္မရာမြို့ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူး ဦးဖီလောက နှစ်သစ်ကူး အမှာစကားပြောကြားသည်။

ဆက်လက်၍ နာဂရိုးရာအမျိုးသားနှင့် အမျိုးသမီးအကဖြင့် လည်းကောင်း၊ ရိုးရာဂျင် ကစားခြင်းစသည့် ရိုးရာအားကစားများနှင့် ရိုးရာတေးသီချင်းကြီးများဖြင့်လည်းကောင်း သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ဆွမ္မရာ)