ကျိုက်ဒုံ မတ် ၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးသရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက် ယုဇနလမ်း၊ မြို့မဈေးရှေ့၌ ကျင်းပခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးဘေးသရုပ်ပြခြင်း အခမ်းအနားတွင် စည်ပင်သာယာရေးအဖွဲ့မှ ကျိုက်ဒုံမြို့စည်ပင်ဦးစီးမှူး ဦးသန့်ဇော်၊ သန္ဓေမီးသတ်မှရုံးတာဝန်ခံ ဦးရန်နိုင်လင်းတို့မှ ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ဒေသတွင် နေထိုင်သည့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးနှင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးထိခိုက်နှစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျိုက်ဒုံမြို့ သန္ဓေမီးသတ်အဖွဲ့မှ မီးတပ်စခန်းတာဝန်ခံ ဦးရန်နိုင်လင်းနှင့် တပ်ဖွဲ့ဝင် များ၊ အရန်မီးသတ်အဖွဲ့မှ တပ်ခွဲမှူးဦးခင်ဇော်နှင့် တပ်ဖွဲ့များ၊ မီးသတ်ရေယာဉ် နှစ်စီးဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သိမှတ်ဖွယ်ရာများ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အခြေခံနည်းလမ်းများ၊ မီးသတ်ဆေးဘူးများ စနစ်တကျသုံးစွဲတက်စေရန်နှင့် လက်တွေ့ မီးငြိမ်းသတ်နည်းများကို သရုပ်ပြသခဲ့ပါသည်။
အခမ်းအနားသို့ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦး၊ သန္ဓေမီးသတ်စခန်း တာဝန်ခံနှင့် တပ်ဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့များ၊ စည်ပင်ဦးစီးမှူး ဦးသန့်ဇော်နှင့် အဖွဲ့များ၊ ပြည်သူများ စုစုပေါင်းအင်အား (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်