ဟားခါး မတ် ၄
ချင်းပြည်နယ်၊ ဟားခါးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ခရီးသွားပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှုမှ ကင်းဝေးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင် ချင်းပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ငွေစံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှူး ဦးမျိုးလွင်ဦး၊ ပြည်နယ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ အမှတ်(၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေး၊ ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)