သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး သတိပေး ဆိုင်းဘုတ်နှင့် နံရံကပ်ပိုစတာ စိုက်ထူခြင်းများဆောင်ရွက်

သီပေါ မတ် ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအုန်းအုန်းမြင့်နှင့် ဝန်ထမ်းများသည် အာဖရိကဝက် အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကြက်၊ ငှက်တုပ်ကွေးရောဂါ ကူးစက်ကျရောက်မှု မရှိစေရေးတို့အတွက် သတိပေးဆိုင်းဘုတ်နှင့် ပိုစတာများကို ယနေ့ နံနက်ပိုင်း (၉) နာရီခွဲမှစတင်၍ စိုက်ထူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အာဖရိကဝက် အပြင်းဖျားရောဂါနှင့် ပတ်သက်၍ သတိပေးဆိုင်းဘုတ်များ၊  ကြက်၊ ငှက် တုပ်ကွေးရောဂါနှင့် ပတ်သက်သော နံရံကပ်ပိုစတာများအား သီပေါမြို့၏ မြို့အဝင်၊ အထွက် တိုးဂိတ်၊ လွိုင်လင်လမ်းခွဲ၊ နမ့်လန်ကျေးရွာ၊ ဘော်ကြိုကျေးရွာနှင့် လူစည်ကားရာ နေရာများ ဖြစ်သော မြို့မစျေး၊ ဝက်ဝံစျေး စသည့်နေရာများတွင် စိုက်ထူခြင်း၊ နံရံကပ်ပိုစတာများ ကပ်နှံခြင်းများကို ဆောင်ရွက်ပြီး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများကိုလည်း မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေး(မြို့နယ်ပြန်/ဆက်)