နိုင်ငံခြားသား ခရီးသွားဧည့်သည်များ တာချီလိတ်နယ်စပ်မှ တစ်ပတ်အတွင်း ၁၅၂၈၄ ဦးဝင်ရောက်လည်ပတ်

တာချီလိတ် ​ မတ် ၃

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ်လျက်ရှိရာ ​ဖေ​ဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၁၅၂၈၄ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေ တောတောင် သဘာဝအလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှုဘဝပုံစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန် ဝင်ရောက် လျက်ရှိရာ တစ်ပတ်အတွင်း တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၁၄၀၆၉ ဦး၊ တတိယနိုင်ငံသား (နိုင်ငံခြားသား) ၄၀၀ဦး၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား  ကမ္ဘာလှည့်ခရီးသည် ၃၂၄ ဦး၊ ပြည်တွင်းခရီးစဉ်သို့  နိုင်ငံခြားသား ခရီးသွားဧည့်သည် ၄၉၁ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။

ယခုနှစ်အတွင်း မြဝတီ၊ တမူးနယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်ပြီး တာချီလိတ်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ထွက်ခွာသည့် ခရီးစဉ် ၁၁ ခုတွင် မော်တော်ယာဉ် ၃၈ စီး၊ မော်တော်ဆိုင်ကယ် ၅၀ စီး၊ လူဦးရေ ၁၃၄ ဦး တို့လည်း လာ​ရောက်လည်ပတ်ခဲ့သည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ​ဖေ​ဖော်ဝါရီလ ၂၇ ရက်နေ့ အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည် ထိုင်းနိုင်ငံသား ၁၇၇၆၇၅ ဦး၊ တတိယနိုင်ငံသား(နိုင်ငံခြားသား) ၃၃၅၁ ဦး၊ လန့်တောင်းဘုရားသို့ နေ့ချင်းပြန် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား)​ ခုနှစ်ဦး၊ မိုင်းဖြတ်နှင့်ကျိုင်းတုံခရီးစဉ်တွင် ၂၅၁၃ ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်)ဖြင့် ပြည်တွင်း ခရီးစဉ်သို့ ၇၅၀၁ ဦး၊ စုစုပေါင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၉၁၀၄၇ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

​​ဝေယံလင်း(ပြန်/ဆက်)