မိုင်းဖြတ် မတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိ ဌာနဆိုင်ရာများ အဖွဲ့သည် ကျေးလက်နေပြည်သူများအား သဘာဝသစ်တောထိန်းသိမ်းမှုရှိစေရေး၊ ကျန်းမာရေးတွက် ကြိုတင်ကာကွယ်မှု ရှိစေရေးအတွက် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19) အသိပညာပေး ဟောပြောပွဲကို ရပ်ကွက်နှင့် ကျေးရွာများတွင် စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မွန်ကာကျောင်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ အ.မ.က ကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မိမိတို့ဒေသများအတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးအတွက် တောမီးများကို စည်းကမ်းမဲ့ မရှို့ရန် နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က မြေဆီလွှာ ပြုန်းတီးမှုမှ ကာကွယ်နိုင်သည့် တောင်စောင်း စိုက်ပျိုးနည်း စနစ်များ ကိုလည်းကောင်း၊ မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးက “အမျိုးသားမှတ်ပုံရေးနှင့် အိမ်ထောင်စု စာရင်းပုံစံ(၁၀)ထုတ်ပေးခြင်း” ဆိုင်ရာများကို လည်းကောင်း၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြတ်မိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး နှင့် ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ ကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မျိုးဇော်ကကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်းသိကောင်းစရာများနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက မီးဘေးလုံခြုံရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချ ရေး ဆိုင်ရာများ ကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက ဦးစီးဌာန၏ လုပ်ငန်းတာဝန် များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ၊ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာပေအသိပညာမှ လူမှုဘဝဖွံ့ဖြိုးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)