နမ့်ဆန်မြို့နယ် ညောင်ပင်သာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်း

နမ့်ဆန် မတ် ၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျောက်ဖြူအုပ်စု ညောင်ပင်သာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ယမန်နေ့နံနက်(၉) နာရီက ကျေးရွာလူထုနှင့်တွေ့ဆုံဆွေနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိုက်ဟုန်းက ကျေးရွာ၏ အခြေအနေများ၊ လိုအပ်ချက်များကိုတင်ပြပြီး ကျေးရွာနာယက ဦးပေါ်ကြာယုံက ရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးသည့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်သန်းက  ၂၀၁၉-၂၀၂၀ ဘာဏ္ဍနှစ် ညောင်ပင်သာရွာတွင် စီမံကိန်းတစ်ခုချမှတ်ဆောင်ရွက်မှာဖြစ်ပြီး စီမံကိန်းအကြောင်းကို မိတ်ဆက်ရှင်းလင်းကာ စီမံကိန်း ဆောင်ရွက်ရာတွင် ကျေးရွာလူထုမှ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း၊ ဤရွာတွင် စီမံကိန်းချပေးခြင်းမှာ ကျေးရွာလူထုတို့က လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံ၊ ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ စာရင်းဇယား၊ ပွင့်လင်းမြင်သာမှုများ စသည့်အလေ့အကျင့်ကောင်းများကို ရရှိစေလိုခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ စီမံကိန်းလုပ်ငန်းအကောင်ထည်ဖော်နိုင်ရန် တက်ရောက်လာသည့် ကျေးရွာလူထုများတို့ကို အစုအဖွဲ့ခွဲ၍ ကျေးရွာအတွက် လိုအပ်သည့် လုပ်ငန်းများကို တန်းစီတင်ပြစေကာ ကျေးရွာအမှတ်ပေး ဒိုင်များတို့က အများအကျိုးအတွက် အလိုအပ်ဆုံး လုပ်ငန်းဖြစ်သည့် ကျေးရွာဇရပ် (၂)ထပ် အဆောက်အဦ တစ်ခုကို ဆောင်ရွက်ရန် ရွေးချယ်အတည်ပြု နိုင်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း (၅)ခု ဆောင်ရွက်သွားမည်ဟု သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)