ကျိုင်းတုံ၌ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့) သင်တန်းဆင်းပွဲ ကျင်းပ

ကျိုင်းတုံ        မတ်   ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ(အခမဲ့) သင်တန်းဆင်းပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့ညနေ ၃ နာရီက ကျင်းပသည်။

အခမ်းအနားကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းတို့က အမှာစကားပြောကြားပြီး   ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက သင်တန်းတွင် သင်ကြားပို့ချလိုက်သော သင်ခန်းစာများအား အကျိုးရှိစွာဖြင့် အသုံးပြုသွားကြပါရန် ပြောကြားသည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (တောင်ကြီးမြို့)မှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရက သင်တန်းသား/ သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား/ သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါသင်တန်းတွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုးနှင့် အလှကုန်ပစ္စည်းအမျိုးမျိုး အစရှိသည့် ထုတ်ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနည်းပညာ အဆင့်ဆင့်ကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်လ ၁ ရက်နေ့အထိ သင်တန်းနည်းပြအဖြစ် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (တောင်ကြီးမြို့)မှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရက စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားခဲ့ ကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)