မော်လိုက်မြို့၌(COVID -19) ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ

မော်လိုက်        မတ်        ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း  (COVID -19) ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ 

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းထွန်းက လက်ရှိတစ်ခြားနိုင်ငံများတွင်  (COVID -19)ရောဂါ ကူးစက်ခံနေရမှုအခြေအနေများ၊ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုများ၊ (COVID-19)ရောဂါနှင့် ပတ်သက်သည့် သတင်းအတု၊ သတင်းမှန်များကို ခွဲခြားသိရှိနိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Website မှ အချိန်နှင့်တပြေးညီ သတင်းအမှန်များ တင်ပြပေးနေမှုများ၊ (COVID -19)ရောဂါ ဖြစ်ပွားလာပါက ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးအတွက် မော်လိုက် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသဆောင်များ၊ ကူးစက်လူနာဆောင်များ၊ ဆေးဝါးများ၊ ကာကွယ်ရေးပစ္စည်းများ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လူစည်ကားရာနေရာများ၊ တည်းခိုခန်းများတွင် (COVID -19)ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး ပိုစတာများအား ပြည်သူများဖတ်ရှုလေ့လာနိုင်ရေးအတွက် ပြသဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာ ကြသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက မိမိတို့သိလိုသည်များနှင့် (COVID -19)ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေး တင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများအား ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ အသိပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ (COVID -19)ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်း၊ ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းထွန်း၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မော်လိုက်သားလေး