မိုင်းဆတ်မြို့အား မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan) ရေးဆွဲနိုင်ရေး ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

မိုင်းဆတ် မတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ဒေသခံများ၏ လူမှုဘဝမြှင့်တင်နိုင်မည့် မြို့ပြစနစ် အကောင်အထည် ဖော်နိုင်ရေးအတွက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan) ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက “TOWN PLAN ရေးဆွဲရာမှာ မြို့လူဦးရေ အနေအထား၊ စီးပွားရေး အနေအထား၊ မြို့၏တည်နေရာပေါ် မူတည်ပြီး နောင်တစ်ချိန်ဖြစ်ပေါ်လာမယ့် အနေအထားကို ကွင်းဆင်းလေ့လာ သုံးသပ်ပြီး ရေးဆွဲရတာ ဖြစ်ပါတယ်၊ အိမ်ရာအခန်းကဏ္ဍမှာ ရှမ်းပြည်နယ်အနေနဲ့ မြို့နယ်နှင့် မြို့ပေါင်း (၁၅)နေရာကို Town Plan ရေးဆွဲပြီးဖြစ်ပါတယ်။ မိုင်းဆတ်မြို့ကတော့ နိုင်ငံတော်အကြီးအကဲရဲ့ မြို့ပြဖွံ့ဖြိုးမှု လမ်းညွှန်မှုထဲမှာပါ ပါတယ်။ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ အနေနဲ့ တိကျတဲ့ Town Plan အချက်အလက်ရဖို့ ကူညီ ပေးစေလိုပါတယ်” ဟုပြောကြားသည်။

ဆက်လက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နေဖြိုး က မူဝါဒ၊ မူဘောင်၊ Hierarchy of Ubran Development Planning၊ စီမံကိန်းနမူနာပုံစံများ၊ ကျင့်သုံး သည့် ဥပဒေ၊ နည်းဥပဒေနှင့် လမ်းညွှန်ချက်များ၊ မြို့များ၏ သဘောသဘာဝအမျိုးအစားများ၊ မြို့ပြစီမံကိန်းရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ ဘဏ္ဍာငွေရရှိနိုင်မည့် နည်းလမ်းများနှင့် မိုင်းဆတ်မြို့အား မြို့ပြ စီမံကိန်းရေးဆွဲရာတွင် လိုအပ်သောအချက်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အခမ်းအနား တက်ရောက် လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများက ယခင်မြို့အကွက်ချပုံစံ ရေးဆွဲခဲ့မှုများ၊ မြေနေရာရွေးချယ်ရေး၊ မြို့ရေပေးဝေရေး၊ မြို့တော်ခန်းမ၊ ပန်းခြံ၊ ကလေး ကစားကွင်း၊ မြို့ရှောင်လမ်း၊ လမ်းနယ်နမိတ်အတွင်း နေအိမ်များ ကျူးကျော် ဆောက်လုပ်မှုမရှိစေရေး၊ လေယာဉ်ကွင်းနှင့် နီးကပ်နေသည့် (အ-ထ-က) ကျောင်းကိစ္စနှင့် မြို့ပြစီမံကိန်း ရေးဆွဲရာတွင် လိုအပ်သည့် အချက် အလက်များ အချိန်မီရရှိရေးတို့ကို ဝိုင်းဝန်းဆွေးနွေးကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် က လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။

အဆိုပါ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း (Town Plan ) ရေးဆွဲပြီးပါက လွှတ်တော်(သို့မဟုတ်) ပြည်နယ်အစိုးရမှ အတည်ပြုပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)