လွိုင်လင် မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဆိုင်းဘုတ်တင်ခြင်းနှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါရုံးခန်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ လွိုင်လင်မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဆိုင်းဘုတ်တင်ခြင်းနှင့် ရုံးခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ပြည်နယ်အဖွဲ့ဝင် ဦးရဲမြင့်နှင့် မြို့နယ်ဥက္ကဋ္ဌ ဒေါ်နုနုခင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ခရိုင်တရားသူကြီး ဒေါ်ဌေးဌေးမော်၊ မြို့နယ်တရားသူကြီးနှင့် မြို့နယ်ဥပဒေအရာရှိတို့က ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်ဥက္ကဋ္ဌ ဒေါ်နုနုခင်က အဖွဲ့၏ ရုံးခန်းတည်နေရာနှင့် စတင်ဖွင့်လှစ်သည်မှ လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းခေါင်၊ ဖိတ်ကြားထားသော ဧည့်သည်များ အထောက်အကူပေးရေးအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)