ဝန်းသိုမြို့၌ ရပ်ရွာအခြေပြု မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ဝန်းသို မတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျေးလက်နေပြည်သူများ အိမ်တွင်းမှုအတတ်ပညာများဖြင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်လာစေရန်၊ ကုန်ကျစရိတ် နည်းနည်းဖြင့် မုန့်မျိုးစုံကို ပြုလုပ်နိုင်စေရန်နှင့် အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒေါ်ဟန်သိမ့်သိမ့်သူက အိမ်တွင်းမှု မုန့်လုပ်ငန်းအဖြစ်  ကြက်သားပေါက်စီ၊ ကြက်ဥလိပ်၊ နမ်းယို၊ မြေပဲယို၊ ကြက်ဥပူတင်း၊ ကြက်သားအုန်းနို့ခေါက်ဆွဲ၊ မုန့်ရေပါး စသည့် မုန့်လုပ် နည်းများကို မတ်လ ၁၃ ရက်နေ့ထိ သုံးရက်ကြာ လက်တွေ့ သင်ကြားပြသ ပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်သွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင်ဝင်း၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးနေမျိုးထွန်း နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူငယ် ကိုယ်စားလှယ် တာဝန်ခံ ဦးဟိန်းကျော်ဦးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)