စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သည့် ကျောင်းသူတစ်ဦးအား ယာဉ်ထိန်းတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့

မိုးညှင်း မတ် ၁၁

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ယနေ့ နံနက်(၉) နာရီအချိန်မှ စတင်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန တစ်ခု ဖြစ်သော အထက-၁ စာစစ်ဌာနတွင် ဖြေဆိုမည့် ကျောင်းသူတစ်ဦးသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့မှ အရေးပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

အထက-၁ စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် လာရောက်သည့် ရွာသစ်ကုန်းကျေးရွာ၊ ဥယျာဉ်မှူး ဘော်ဒါဆောင်တွင် နေထိုင်သည့် ထွန်းစန္ဒာနီကျော်သည် ၎င်း၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် ယာဉ်ထိန်းတပ်ဖွဲ့မှ အရေးပေါ်မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည်။

မိုးညှင်းတစ်မြို့နယ်လုံးတွင် ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(စာဖြေဌာန)   ၁၃ ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသူပေါင်း ၆၄၃၀ ဦး ရှိပြီး ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့(မြန်မာစာ) ဖြေဆိုသူပေါင်း ၆၁၁၂ဦး ဖြေဆို၍ ၃၁၈ဦးပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှသိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)