မူဆယ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆက်လက်ဆောင်ရွက်

မူဆယ်  မတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ်နယ်စပ်ဒေသ၊ မူဆယ်မြို့အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ/ တည်းခိုခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)နှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန် အဟုန်မြင့် ဆက်လက်ပြုလုပ် ဆောင်ရွက်သွားရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရာ မူဆယ်မြို့၊ ကိုရိုနာဗိုင်းရပ်စ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကော်မတီ(မူဆယ်)၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ တည်းခိုခန်းများမှ တာဝန်ရှိသူများ၊လုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းအဖွဲ့များတက် ရောက်  တွေ့ဆုံ ဆွေးနွေး ကြသည်။

ဆွေးနွေးပွဲတွင်“ကိုရိုနာဗိုင်းရပ်စ်(COVID-19)နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်း‌များကို နယ်စပ်ဝင်/ထွက် ဂိတ်များ၊ မြို့လည်လူစည်ကားသည့်နေရာများ၊ လူဝင်ထွက်များသည့် ယာဉ်လိုင်းဂိတ်များအပြင် လူဝင် လူထွက်များသည့် ဟိုတယ်၊ တည်းခိုရိပ်သာ၊ တည်းခိုခန်း‌တွင်လည်း အရှိန်အဟုန်တိုးမြှင့်ပြီး ဆက်လက် ပြုလုပ်‌ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာများမှ လမ်းညွှန်မှုအတိုင်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်”တို့ကို မူဆယ်မြို့နယ်ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကော်မတီဥက္ကဌ ဦး‌အောင်မင်းဇော်ကဆွေးနွေးပြောကြားသည်။

 မူဆယ်မြို့သည် နယ်စပ်ဒေသဖြစ်သည်နှင့်အညီ ဟိုတယ်နှင့် တည်းခိုရိပ်သာ/တည်းခိုခန်းများလည်း အလွန်များပြား သည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက် သွားမည်ဖြစ်ပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ဇော်လင်းက ပြောသည်။

 “နယ်စပ်ဒေသ မူဆယ်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကူးစက်ဖို့လွယ်ကူတဲ့ မြို့ဖြစ်တယ်၊ လာရောက် လည်ပတ် သူတွေနဲ့ စည်ကားပြီး ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ လူဝင်/လူထွက်များနေတာ တွေ့‌နေရပါတယ်၊ ဒါကြောင့် ကြိုတင်တားဆီးကာကွယ်နိုင်ဖို့ လုပ်ဆောင်ရာမှာ နယ်စပ်ဂိတ်ပေါက်တွေ၊ မြို့လည်လူစည်ကားတဲ့ နေရာတွေ၊ လူဝင်ထွက်များတဲ့ ကားဂိတ်တွေ အပြင်ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာလည်း ကျန်းမာရေးစစ်ဆေးတာ‌တွေ  အသိပညာပေးဆိုင်းဘုတ်တွေ စိုက်ထူတာ၊ လက်ကမ်း စာစောင်တွေ ဖြန့်ဝေပေးတာ၊ နှာခေါင်းစည်းတွေ တပ်ဖို့ ပညာပေးဟောပြောတာတွေနဲ့ ဆပ်ပြာနဲ့ အချိန်မှန်လက်ဆေး  ဖို့အသိပေးဟောပြောပွဲတွေဆက်လက်လုပ် ဆောင်နိုင်မှ သာလျှင် ကြိုတင်ကာကွယ်မှုတွေက ထိရောက်မှုရှိမှာဖြစ်တယ်”လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ဇော်လင်းက ကြိုတင်ကာကွယ်မှုတွေ ဆက်လက်လုပ်ဆောင်မှသာလျှင် ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင် မည်ဖြစ်ကြောင်းကို ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက ကြိုတင် ကာကွယ်မှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည့် အကြောင်း အရာများကို ဆွေးနွေးကြပြီး မူဆယ်ခရိုင်၊ နယ်စပ်ဂိတ်များနှင့် နေရာအနှံ့တို့တွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်း များနှင့် ပရဟိတအသင်းအဖွဲ့များက ကျန်းမာရေးစစ်ဆေးမှုများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ကိုမိုင်း(ပြန်/ဆက်)