ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ရပ်ကွက်များအတွင်းသို့ ကျန်းမာရေးအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ကွန်ဟိန်း     စက်တင်ဘာ    ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များအတွင်းသို့ ကျန်းမာရေးအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်မှုအား ယမန်နေ့မွန်းလွဲ  ၃  နာရီ အချိန်ခန့် က အမှတ်(၁)ရပ်ကွက်သို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်မှုတွင် ရပ်ကွက်အတွင်းနေ ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ မလိုအပ်ပဲနေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန် အသိပညာပေးခြင်း၊ မဖြစ်အနေ ပြင်ပသို့သွား ရောက်ရပါက နှာခေါင်းစည်းတပ်ဆင်သွားလာရန်၊ မိမိတို့ရပ်ကွက်အတွင်းသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု နှုန်း မြင့်မားနေသည့် နေရာဒေသများမှ ဝင်ရောက်လာသူများ၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများရှိပါက သက်ဆိုင်ရာသို့ ချက်ခြင်းအကြောင်းကြားရန် အစရှိသည့် ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါဆောင်ရွက်မှုကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)