မိုင်းကိုင် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နေ့လည် ၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်နန်းလှဌေး က အဖွင့်အမှာစ ကား ပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဖြိုးဝင်း က ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ နိုင်ငံရေးပါတီများအနေဖြင့် ပိုစတာစိုက်ထူခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကျင့်ဝတ်၊ မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစံနှုန်းများ စသည့်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကော်မတီဝင်များက အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြသည်။
မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီသည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု/ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက အချိန်တိုအတွင်း ညှိနှိုင်း ဆောင်ရွက် ဖြေရှင်းပေးနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပုဂ္ဂိုလ်များ၊ ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်တစ်ဦးစီ၊ မြို့နယ်အတွင်း တာဝန်ရှိသူများ စုစုပေါင်း (၂၇)ဦးတို့ကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းတာဝန် ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အတွင်း စေ့စပ်ညှိနှိုင်းရေး တာဝန်များကို ဆောင်ရွက်ပေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)