သီပေါမြို့နယ်တွင် နာနတ်သီးစိုက်တောင်သူများအား သဘာဝမြေသြဇာထောက်ပံ့ပေးအပ်ပွဲကျင်းပ

သီပေါ မတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နာနတ်သီးနှံ(GAP) (Good Agricultural Practice) (၁၁၀၂) ဧက စံပြစိုက်ခင်းတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ မှတ်တမ်းစာအုပ်နှင့် သဘာဝမြေသြဇာ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် (၉)နာရီအချိန်က နမ့်ရမ်းကျေးရွာရှိ နာနတ်သီးအခြောက်ခံ စက်ရုံတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင် ၊ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်  ဒေါ်နန်းစမ်းစမ်းအေး တို့က အမှာစကားပြောကြားပြီးနောက် တာဝန်ရှိသူအသီးသီးက နာနတ်သီးစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ မှတ်တမ်းစာအုပ်များနှင့် သဘာဝဓာတ်မြေသြဇာ အိတ်ပေါင်း (၃၆၇)အိတ်တို့ကို ထောက်ပံ့ပေး အပ်ခဲ့သည်။

ဆက်လက်၍ သီပေါမြို့နယ်အတွင်း (GAP)စိုက်ပျိုးရေးစနစ်ဖြင့် စိုက်ပျိုးထားသော  နာနတ်သီး   စိုက်ခင်းများသို့သွားရောက်ကာ စိုက်ပျိုးထားမှု အခြေအနေများ၊ သီးနှံဖြစ်ထွန်းမှု အခြေအနေများကို သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်  စိုက်ပျိုးရေး ဌာနမှ တာဝန်ရှိသူများနှင့် နာနတ်သီးစိုက်တောင်သူများ စုစုပေါင်း အင်အား(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)