ဟိုမိန်းမြို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်နယ်ဖြည့်စွက်)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ဟိုမိန်း   စက်တင်ဘာ   ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု လွယ်ကူ စေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (ပြည်နယ်ဖြည့်စွက်) ရန်ပုံငွေကျပ် ၃၈ ဒသမ ၉၅၀ သန်းဖြင့် မယ်အောကျေးရွာအဝင်  မူလသစ်သား တံတားအဟောင်းအား ကွန်ကရစ်တံတား အဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် Box Culvert (၁)စင်း တည်ဆောက်ခြင်းကို  စိုက်ဖေ့ကုမ္ပဏီအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နားမွန်းလုံကျေးရွာနှင့် မယ်အောကျေးရွာလမ်း အရှည်(၇)မိုင်မှ ကျန်မြေသား လမ်း(၁/၄)မိုင်အား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ရှမ်းပြည်နယ်အစိုးရ) အဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၈၇ ဒသမ ၀၀၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် စိုက်ဖေ့ကုမ္ပဏီမှ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ရာ အဆိုပါ လမ်းပိုင်းပေါ်မှ  မယ်အောကျေးရွာအဝင် သစ်သားတံတားအား (၂၀x၁၇)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းနှင့် (၁၀x၂၆)ပေ Box Culvert (၁)စင်း တည်ဆောက်ခြင်းကို  ပြည်နယ်ဖြည့်စွက် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု (၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း  ကုမ္ပဏီတာဝန်ခံ ဦးစိန်ထွန်း ထံမှ သိရသည်။

နားမွန်းလုံ-မယ်အော ကျေးရွာချင်းဆက်လမ်းသည် တောင်ပေါ်ဒေသလမ်းဖြစ်သည့်အတွက် ယခင်က မိုးရာသီ တွင် ရွံ့ထူထပ်ပြီး ဆိုင်ကယ်နှင့် ကားများ သွားလာဖို့ခက်ခဲသော မြေသားလမ်း ဖြစ်ပြီး ယခုအခါ  ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ပေးခြင်းနှင့် တံတားတည်ဆောက် ပြီးစီးပါက နယ်စပ်ဒေသရှိ ဒေသခံပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို ရာသီမရွေး ဆက်သွယ် သွားလာနိုင်မည်ဖြစ်ပြီး ကျေးလက်လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)