ကျိုင်းတုံ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထိမ်းအမှတ် နာရီစင်အား အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီ က အမှတ်(၁)ရပ်ကွက် အဆိုပါ နာရီစင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ပြုလုပ်သည်။
ရှေးဦးစွာ ကျိုင်းတုံမြို့ နိုင်ငံအေးကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များအား ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက် နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များမှ ကျိုင်းတုံမြို့ နာရီစင်အား အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်သည်။
ထို့အတူ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီး၌ ကပ်ရောဂါကင်းဝေးရေး ရတနသုတ်ပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းကို စက်တင်ဘာ ၉ ရက်မှ ၁၇ ရက်နေ့ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝတ်အသင်း၊ မဟာမြတ်မုနိဘုရားဝတ်အသင်း(၁)၊ မဟာမြတ်မုနိဘုရားဝတ်အသင်း(၂)၊ ဓမ္မသဟာရဝတ်အသင်း၊ မေတ္တာရှင်ဝတ်အသင်းတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ရွတ်ဖတ် ပူဇော်သွားမည် ဖြစ်ကြောင်း ပြည်နယ်သာသနာရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်သိန်းထံမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)