ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ဆန်(၇)ပြည်နှုန်း ထောက်ပံ့ပေးအပ်

နောင်ချို    စက်တင်ဘာ   ၁၁

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဈေးရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား  အိမ်ထောင်စုများအား အခြေခံစားကုန်ဖြစ်သော ဆန်များကို ဈေးရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက် (၉:၀၀) နာရီအချိန် က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် ဈေးရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၄၅၀)အား တစ်အိမ်ထောင်လျှင် ဆန်(၇)ပြည်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့သည်။ ယခုကဲ့သို့ ထောက်ပံ့ပေး နိုင်ရန်အတွက် အလှူရှင်များ၏ လှူဒါန်းမှုများကို ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်မိုးအောင် မှ ဦးဆောင်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထောက်ပံ့ပေးအပ်သည့်အချိန်တွင် လာရောက်ထုတ်ယူကြသော အိမ်ထောင်စုဝင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေးမဖြစ်စေရန် ၆ ပေခြား၍ စနစ်တကျပေးအပ်လျက်ရှိပါကြောင်းနှင့် ကိုဗစ်-၁၉ ကာလအတွင်း ဆက်လက်ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ် (နောင်ချို၊ပြန်/ဆက်)