မိုးနဲ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က ကိုဗစ်-၁၉ ရောဂါ ကာလ စိုက်ပျိုးရေးလုပ်ငန်းများ အထောက်အကူပြု ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မိုးသီးနှံအစေ့ထုတ်ပြောင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန် က နောင်မြိုင်း ကျေးရွာအုပ်စု နောင်မြိုင်းရွာ တောင်သူ ဦးရှောက်ဆီး စိုက်ပျိုးထားသော CP-808 ပြောင်းစိုက်ခင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများ က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စံကွက်ရိတ်သိမ်းရာတွင် running feet ပေ ၂၀ စံနှုန်းနှင့် ရိတ်သိမ်းခြင်းဖြစ်ပြီး ထွက်နှုန်းမှာ တစ်ဧက တင်း ၆၀ ထွက်ရှိကြောင်း၊ မိုးနဲမြို့နယ်အတွင်း အစေ့ထုတ်ပြောင်း စိုက်ပျိုးဧက (၂၃၁၃၂) ဧက စိုက်ပျိုးထားရှိကြောင်း၊ အစေ့ထုတ်ပြောင်းသီးနှံစပေါ်ချိန်မှာ တစ်တင်း ကျပ် ၅၅၀၀ ဈေးရရှိကြောင်း၊ စံကွက်ရိတ်သိမ်းရသည့် အဓိကရည်ရွယ်ချက်မှာ သီးနှံရိတ်သိမ်းပြီးချိန်တွင် သီးနှံတစ်ခုချင်း၏ အထွက်နှုန်းများ မြေပြင်ပကတိအခြေအနေနှင့် အနီးစပ်ဆုံး မှန်ကန်မှုရှိစေရန်နှင့် သီးနှံတစ်ခုချင်းစီ၏ လက်တွေ့မြေပြင် ဆောင်ရွက်မှုအပေါ် အားသာချက်၊ အားနည်းချက်များ သိရှိပြီး နောင်နှစ်တွင် သီးနှံပိုမို ထွက်ရှိရန် ပြုပြင်ရမည့် နည်းပညာအစီအမံများကို ကြိုတင်ချမှတ်နိုင်ရန် စံကွက်ရိတ်သိမ်းခြင်း ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)