သီပေါမြို့ ပရဟိတကွန်ရက်အဖွဲ့မှ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်

သီပေါ   စက်တင်ဘာ   ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  မြို့အဝင်အထွက်များ၌ ကျန်းမာရေး စစ်ရေးရေဂိတ်ကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ခဲ့ရာ ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်  တာဝန်ကျသည့် အဖွဲ့များက နေ့ရက်အလိုက် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးပေးခြင်း၊     ခရီးသွားရာဇဝင်များ    စာရင်းရေးသွင်းခြင်း၊ နေအိမ်ပြင်ပသို့ထွက်လျှင်  နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန် အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လိုက်နာ ရမည့် လမ်းညွှန်ချက်များကို ပူးပေါင်းပါဝင်ပေးရန် အသိပညာပေးခြင်းများအား ဆောင်ရွက် လျက်ရှိသည်။

ထို့အပြင် ညနေ ၅ နာရီမှ ည ၇ နာရီအချိန်အထိ သီပေါမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ပြီး ည ၇နာရီမှ နောက်တစ်နေ့နံနက် ၇နာရီအထိ ကိုဗစ်−၁၉ ပရဟိတကွန်ရက် (သီပေါ) အဖွဲ့ဝင်များက နေ့ရက်အလိုက်  သီပေါမြို့အဝင် တိုးဂိတ်တွင် အဝေးကားများမှ သီပေါမြို့တွင်းသို့ ဆင်းမည့်ခရီးသည်များ အား စစ်ဆေးမေးမြန်းခြင်း၊ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းများသည့် ဒေသမှ ပြန်လာသူများရှိပါက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ Home Quarantine နှင့် Community Based Facility Quarantine Centre တွင် ထားရှိနိုင်ရန် စောင့်ဆိုင်း၍ ကြိုပို့လုပ်ငန်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် အခြားမြို့နယ်များသို့လည်း အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)