မြောင်းမြမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

မြောင်းမြ  မတ်  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင် ကာကွယ်ခြင်း နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီက လူစည်ကားရာ နေရာ(၅)နေရာ၌ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း၊ လက်ဆေး နည်းစနစ် သရုပ်ပြခြင်း၊ နှာခေါင်းစည်း Mask များ ပေးဝေခြင်းများ ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်ထွေးရီနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့် ဖြူစင်စေတနာ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့များက  မြို့မဈေး၊ အခွန်လွတ်ဈေး၊ မြသာယာဈေး၊ အဝေးပြေး မော်တော်ယာဉ် ကားဂိတ်၊ လယ်ယာသုံးဈေး သင်္ဘောဆိပ်နှင့် လူစည်ကားရာ နေရာများတွင် ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ခြင်းနှင့် လက်သန့်ဆေးရည် ဖျန်းပေးခြင်းများကို‌ ဆောင်ရွက်ခဲ့ကြပြီး ရောဂါကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ သံသယရှိသူကို တွေ့ရှိပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများသို့ အမြန်ဆုံး ဆက်သွယ်သတင်း‌ပေးပို့ ကုသမှုခံယူကြရန် အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မင်း (မြောင်းမြ)