မူဆယ်မြို့၌ အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ် စိစစ်ခြင်းနှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ဈေးပြိုင်စနစ်ဖြင့် စိစစ်ရောင်းချခြင်း အခမ်းအနားကျင်းပ

မူဆယ်   စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ် စိစစ်ခြင်းနှင့် လုပ်ငန်းလိုင်စင် များ သက်တမ်းတိုး/ဈေးပြိုင်စနစ်ဖြင့် စိစစ်ရောင်းချခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ယနေ့နံနက် (၉)နာရီအချိန် က မူဆယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပသည်။

မူဆယ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ၏ ကွက်ကဲမှုအောက်ရှိသည့် မုံးကိုးမြို့နှင့် မန့်ဟီးရိုးမြို့ စည်ပင်သာယာရေးကော်မတီ(ခွဲ)တို့တွင် (၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် သားသတ်လုပ်ငန်းများကို ပထမအကြိမ် စိစစ်ချထားခဲ့ရာ မူဆယ်မြို့၊ မြို့ပေါ်/ကျေးလက် အသားသတ်လုပ်ငန်း စုစုပေါင်း (၂၁)ခုရှိသည့် အနက် လုပ်ငန်း(၁၃)ခုကို လုပ်ငန်းရှင်(၃၂)ဦးတို့က အာမခံငွေ စုစုပေါင်းကျပ်ငွေ (၂၂၂၀)သိန်းဖြင့် စိစစ်ရောင်းချသည်။

အလားတူ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ စည်ပင်သာယာရေးကော်မတီ(ခွဲ)မှ သားသတ်စက်ရုံ စုစုပေါင်း (၈)ခုရှိသည့်အနက် အမဲသားသတ်လုပ်ငန်း (၅)ခုနှင့် ဝက်သားလုပ်ငန်း(၄)ခု စုစုပေါင်းလုပ်ငန်း (၉)ခုတို့ကို လုပ်ငန်းရှင်(၆)ဦး တို့က အာမခံငွေကျပ် (၁၀၇)သိန်းဖြင့် စိစစ်ရောင်းချပြီး မန့်ဟီးရိုးမြို့၊ စည်ပင်သာယာရေးကော်မတီ(ခွဲ)မှ သားသတ်လုပ်ငန်းစုစုပေါင်း (၇)ခုရှိသည့်အနက် အမဲသားသတ်လုပ်ငန်း (၁) ခု နှင့် ဝက်သားသတ်လုပ်ငန်း (၁)ခု စုစုပေါင်း(၂)ခုတို့ကို လုပ်ငန်းရှင် (၂)ဦးက အာမခံငွေကျပ်(၃၅)သိန်းဖြင့် အသီးသီး စိစစ်ရောင်းချသည်။

ဆက်လက်ပြီး မူဆယ်မြို့၊ စည်ပင်သာယာရေးကော်မတီ၏ (၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာရေးနှစ် အတွက် သက်တမ်းတိုးလုပ်ငန်းလိုင်စင် (၁၈)ခုကို ကျပ်ငွေ(၄၇၈)သိန်းကျော်ဖြင့် လည်းကောင်း၊ ဈေးပြိုင်စနစ်ဖြင့် လုပ်ငန်းစင်(၁)ခုကို လိုင်စင်ကြေး (၆၄)သိန်းဖြင့် စိစစ်ရောင်းချပြီး မန့်ဟီးရိုးမြို့၊ စည်ပင်သာယာရေး ကော်မတီ(ခွဲ)၏ သက်တမ်းတိုးလုပ်ငန်းလိုင်စင် (၇)ခုကို လိုင်စင်ဈေး (၃၇၇)သိန်းကျော်နှင့် ဈေးပြိုင်လုပ်ငန်း လိုင်စင် (၁)ခုကို (၈၃)သိန်းတို့ဖြင့် စိစစ်ရောင်းချပြီး မုံးကိုးမြို့၊ စည်ပင်သာယာရေးကော်မတီ(ခွဲ)၏ သက်တမ်းတိုး လုပ်ငန်းလိုင်စင်(၂)ခုတို့ကို လိုင်စင်ကြေး (၁၇)သိန်းကျော်ဖြင့် အသီးသီးလေလံရောင်းချသည်။

အခမ်းအနားတွင် မူဆယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလောင်(ဝ်)ဆိုင် က အမှာစကားပြောကြားပြီး မူဆယ်မြို့၊ စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မိုးထွန်း က သားသတ်လက်မှတ် စိစစ်ပေးအပ်ချထားခြင်း၊ အရပ်ရပ်အခွင့်အရေးလိုင်စင်များ စိစစ်ရောင်းချ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ် စိစစ်ချခြင်းနှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ ဈေးပြိုင်စနစ်ဖြင့် စိစစ်ရောင်းချပြီး ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သားသတ်လက်မှတ်များကို အသီးသီးစိစစ် ပေးအပ်သည်။

မူဆယ်မြို့နယ် စည်ပင်သာရေးကော်မတီ၊ မုံးကိုးမြို့နှင့် မန့်ဟီးရိုးမြို့၊ စည်ပင်သာယာရေးကော်မတီ (ခွဲ)တို့တွင် ကျန်ရှိနေသေးသည့် အသားထုတ်လုပ်ရောင်းချခွင့်လက်မှတ်များနှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး/ ဈေးပြိုင်စနစ်ဖြင့် ဒုတိယအကြိမ်စိစစ်ရောင်းချခြင်းကို (၂၀၂၀)ခုနှစ်၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် ထပ်မံစိစစ်ချထားပေးမည်ဖြစ်ကြောင်း သိရသည်။  

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)