ဖျာပုံ၌ Facility Quarantine Center အဖြစ်ထားရှိမည့် Shelter များတွင် လက်ဆေး ဘေစင်နှင့် ဖိုက်ဘာရေစည် တပ်ဆင်မှုများ ကွင်းဆင်းစစ်ဆေး

ဖျာပုံ  စက်တင်ဘာ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ငွေဖြင့် ဓမင်းဆိပ်ကျေးရွာများရှိ Cyclone Shelter များတွင် လက်ဆေးဘေစင်နှင့် ဖိုက်ဘာရေစည်များ တပ်ဆင်ဆောင်ရွက်နေမှုများကို ယနေ့ မွန်းလွဲ(၁၂)နာရီအချိန်တွင် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာမှ စစ်ဆေးရေးကော်မတီဝင်များပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာများရှိ Shelter များကို Facility Quarantine Center အဖြစ်ထားရှိနိုင်ရေးအတွက် Shelter တစ်လုံးလျှင် လက်ဆေးဘေစင်(၃)ခုနှင့် ဖိုက်ဘာရေစည်(၂)လုံး တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် Shelter တစ်လုံးလျှင်(၁၅)သိန်းဖြင့် Shelter (၁၇)လုံးအတွက် စုစုပေါင်း (၂၅၅)သိန်းကို ထောက်ပံ့ပေးပြီဖြစ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ပစ္စည်းများ သတ်မှတ် အရည်အသွေးနှင့် ကိုက်ညီခြင်း ရှိ၊ မရှိနှင့် သတ်မှတ်ရက်အတွင်း ပြီးစီးမှု ရှိ၊ မရှိကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်သည်။ ဖျာပုံခရိုင်အတွင်းရှိ Shelter (၁၇)လုံးမှာ ဘိုကလေးမြို့နယ်တွင်(၁၅)လုံး၊ ဖျာပုံမြိုနယ်တွင် (၂)လုံး စုစုပေါင်း(၁၇)လုံးရှိပြီး အဆိုပါ Shelter များတွင် လက်ဆေးဘေစင်နှင့် ဖိုက်ဘာ ရေစည်တပ်ဆင်မှု လုပ်ငန်းဆောင်ရွက်မှုများကို စက်တင်ဘာ ၁၅ ရက်နေ့တွင် အပြီး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းထံမှ သိရသည်။

လှလှနွယ်(ပြန်/ဆက်)