သီပေါ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်−၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ ပြည်သူ့စာကြည့်တိုက် စာအုပ်စာစောင်ငှားရမ်းခြင်း၊ ဖတ်ရှုခြင်းကို ခေတ္တယာယီ ပိတ်ထားကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်အား ခေတ္တယာယီပိတ်ထားသော်လည်း ပြည်သူများအတွက် သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ Online စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ စာပေချစ်မြတ်နိုးသူများအတွက် စာအုပ်စာစောင်များ မိတ်ဆက်ပေးခြင်း၊ အသိပညာ ဗဟုသုတရရှိစေရေးအတွက် ဆောင်းပါးများ ဖတ်ပြပေးခြင်း၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်၊ ပန်းခေါက်နည်းများ မျှဝေပေးခြင်း အစီအစဉ်တို့ကို နေ့စဉ်ဝန်ဆောင်မှုပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ကိုဗစ်−၁၉ ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက် နိုင်သော ပြည်သူများအတွက် Online မှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန်၊ ကလေးငယ်များ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စိတ်အပန်းပြေစေရန် စသည့် ရည်ရွယ်ချက် များဖြင့် ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)