ဖျာပုံ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး အတွက်မြို့နယ်အတွင်း အစားအသောက်ရောင်းချနေသည့် ဈေးဆိုင်များကို စက်တင်ဘာလ ၁၂ ရက်နေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ပြည်သူများသို့ အသိပေးကြေညာခြင်းကို ယနေ့ ညနေ ၃နာရီအချိန်တွင် အသံချဲ့စက်များဖြင့် လှည့်လည် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက် ဆိုင်များ၊ ကြေးအိုးဆိုင်များ၊ ဟော့ပေါ့ဆိုင်များ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ စသည့်စားသောက်ဆိုင်အားလုံးသည် စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် ပြည်သူများထံသို့ အသိပေးပန်ကြား ခြင်းဖြစ်သည်။
ယခုအခါ ဖျာပုံခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ(၆)ဦးနှင့် သံသယလူနာ(၁)ဦး၊ Facility Quarantine အဖြစ်ဖျာပုံမြို့နယ်အတွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ(၁၁၉)ဦး၊ Home Quarantine နေအိမ်အတွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ(၃၄၁)ဦး ရှိကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
လှလှနွယ် (ပြန်/ဆက်)