ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ဒီးမော့ဆို မတ် ၁၂

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မတ်လ ဒုတိယပတ်မှစ၍ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အုပ်စုစာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၂၇ အုပ်စုရှိသည့်အနက် ရပ်ကွက်/ကျေးရွာအုပ်စု ၂၄ အုပ်စုတွင် အသက်(၈၅) နှစ်နှင့်အထက် အဘိုး ၈၁ ဦး၊ အဘွား ၁၁၈ ဦး ရှိကာ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား သက်ကြီး ဘိုးဘွားများ၏ လက်ဝယ်အရောက် ရရှိရေးအတွက် မတ် ၁၀ ရက်မှ စ၍ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိပြီး ယခုအချိန်ထိ မြို့မရပ်ကွက်၊ ဒီးမော့ဆိုကျေးရွာ အုပ်စုနှင့် ငွေတောင်ကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ပြီ ဖြစ်ကြောင်း၊ ကျန်ရှိသော ကျေးရွာအုပ်စုများကိုလည်း ဆက်လက်သွားရောက် ပေးအပ်သွားမည်ဖြစ် ကြောင်း  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးမြာရယ် ထံမှ သိရသည်။

ယခုပေးအပ်သော ထောက်ပံ့ငွေများသည် ဒုတိယသုံးလပတ်( ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွက် ဖြစ်ပြီး သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်း (တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလစာအတွက် ငွေကျပ် သုံးသောင်းနှုန်း) ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)