နမ့်ခမ်း စက်တင်ဘာ ၁၁
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား တစ်ဦးလျှင် ကျပ်ငွေ (၁၅၀၀၀)နှုန်းဖြင့် (၃)လ(၁)ကြိမ် အစီအစဉ်ဖြင့် (၆)လစာအတွက် တစ်ဦးလျှင် ကျပ်ငွေ (၉)သောင်းကျပ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန် က ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးယိုင်သန်းအောင် က ''နမ့်ခမ်းမြို့နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ (၂၀၂၀)ပြည့်နှစ်၊ ဧပြီလ(၁)ရက်နေ့မှ မွေးဖွားလာတဲ့ ကလေးသူငယ်တိုင်းကို တစ်ဦးလျှင်ကျပ်ငွေ (၁၅၀၀၀)နှုန်းဖြင့် (၃)လ(၁)ကြိမ် အစီအစဉ်နဲ့ (ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလ) အထိ (၆)လစာအတွက် တစ်ဦးလျှင်ကျပ်ငွေ (၉)သောင်းကို စက်တင်ဘာလ ၁၀ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့အထိ ထောက်ပံ့ပေးသွားမယ်၊ ထောက်ပံ့ငွေတွေကို ပေးအပ်တဲ့အခါမှာလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေးအစီအစဉ် ထောက်ပံ့ခြင်းမပြုလုပ်ဘဲ (E Wallet)နှင့် (KBZ Bank (KBZ Pay) စနစ်ဖြင့် တာဝန်ယူ ထောက်ပံ့ပေးအပ်တာပါ”လို့ ရှင်းလင်းပြောကြားသည်။
ထောက်ပံ့ငွေပေးအပ်ခြင်းကို ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ၏ မိခင်များနှင့် တယ်လီဖုန်းဖြင့် ချိတ်ဆက်၍ အကျိုးခံစားသူများ အား E Wallet ရှိပါက E Wallet များသို့ ငွေလွှဲပြောင်းထောက်ပံ့ပေးခြင်း၊ E Wallet မရှိပါက နီးစပ်ရာ KBZ Pay Agent များထံသို့ လျို့ဝှက် နံပါတ် (OTP)များ ထုတ်ယူနိုင်ခြင်း၊ အကျိုးခံစားခွင့်ရှိသူများမှ တယ်လီဖုန်းမရှိပါက ရပ်ကွက်၊ ကျေးရွာများအထိ KBZ Bank (KBZ Pay) ကိုယ်စားလှယ်များ က သွားရောက်၍ ငွေကြေးထောက်ပံ့စနစ်ဖြင့် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား အာဟာရ နှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု လူမှုဝန်ဆောင်မှုနှင့် အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘဦး(ပြန်/ဆက်)