ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများကို ယခုဝယ်/ယခုတပ်ဆင်စေခြင်းစနစ် ဆောင်ရွက်

ပန်ဆိုင်း    စက်တင်ဘာ    ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ မြို့အဝင်/အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာသူများကို ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ယနေ့နံနက်ပိုင်းအချိန် က စတင်ပြီး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က ပြည်သူလူထုများ လိုက်နာသင့်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို  အသံချဲ့စက်များဖြင့် မြို့ပေါ်နှင့် ကျေးရွာများတွင် အသိပညာပေးနှိုးဆော်ခြင်း၊ မြို့ဝင်/မြို့ထွက်စစ်ဆေးရေး ဂိတ်များတွင် ခရီးသွားပြည်သူတိုင်းကို ကျန်းမာရေး စစ်ဆေးခြင်း၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားထောက်ခံချက်များ ပြုလုပ်ခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် နေအိမ်ပြင်ပသို့ သွားလာပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိပါက ယခုဝယ်/ယခုတပ်စနစ် ဆောင်ရွက်မှု များကို အဖွဲ့ခွဲ၍ စနစ်တစ်ကျဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်အဟုန်မြင့်တင်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)