နမ့်ဆန် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီမှ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကို ပိုမို ထိရောက်စေရန် မြို့အဝင်/အထွက်ဂိတ်များကို ယခင်ကထက် ကြပ်မတ်စစ်ဆေးလျှက်ရှိပြီး မန္တလေး သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများလည်း ယနေ့မှစ၍ ယာယီရပ်နားထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု နေ့စဉ်နှင့်အမျှတိုးပွားလာပြီး ယခုကာလတွင် နမ့်ဆန်မြို့နယ်အတွင်းသို့ ဝင်ရောက်လာမည့် ခရီးသည်များ မည်သူမဆို မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးကြပ်မတ်သည့်နေရာတွင် ခရီးသည်များ၏ ခရီးသွားရာဇဝင်များ မှတ်တမ်း တင်ထားခြင်း၊ အချက်အလက်များ မှတ်တမ်းယူထားခြင်းကို ယခင်ကထက် ပိုမိုတင်းကြပ် စစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အတူ ကိုဗစ်-၁၉ ကူးစက်မှု အများဆုံးမြို့ဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့မှ ပြန်လာသူများကို စောင့်ကြည့်စစ်ဆေးစခန်းတွင်ထားရှိပြီး ကျန်းမာရေးဌာနမှ ကြီးကြပ်စစ်ဆေးမှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျှက်ရှိပါသည်။
ရွှေခေတ်ဦး Hello မန္တလေး-နမ့်ဆန် ယာဉ်လိုင်းကို ယနေ့မနက်မှစ၍ ခရီးစဉ်ပြေးဆွဲမှု ခေတ္တရပ်နားထားလိုက်ကြောင်း (ရွှေခေတ်ဦး) မန္တလေး-နမ့်ဆန် ယာဉ်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။ သို့သော် နမ့်ဆန်-လားရှိုး၊ နမ့်ဆန်-ကျောက်မဲသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းတွေရှိနေသော်လည်း ခရီးသည်များမရှိသည့်အတွက် ကုန်စည်များကိုသာ အဓိကထား တင်ဆောင်နေရကြောင်း သိရှိရသည်။ နမ့်ဆန်မြို့နေ ပြည်သူများသည်လည်း အခြားမြို့ရွာများသို့ ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်ထောက်ခံစာ များပါရှိမှ သာ သွားလာကြရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရန် မြို့နယ် ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့များ၊ စေတနာလုပ်အားရှင်များ၊ လူမှုရေးအသင်းအဖွဲ့များတို့က ပြည်သူများအား အသိပညာပေးခြင်း၊ နှာခေါင်းစည်များ အခမဲ့ဝေပေးခြင်းနှင့် အတတ်နိုင်ဆုံး မိမိအိမ်မှာသာ နေထိုင်ကြဖို့ လှုံ့ဆော်မှုများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး နမ့်ဆန်မြို့နယ်အတွင်း ယခုအချိန်ထိ ရောဂါပိုးကူးစက်ခံရသူ မရှိသေးကြောင်း သိရှိရသည်။
အောင်မိုး (နမ့်ဆန်၊ ပြန်/ဆက်)