မိုင်းပျဉ်း၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အသက် ၁ နှစ်မှ ၁၅ နှစ်အတွင်းရှိ ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေးနှင့် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းမြအေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တပ်ရင်းတပ်ဖွဲ့မှ သားဖွားဆရာ မများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်ရှိ အသက် ၁နှစ်မှ ၁၅နှစ်အတွင်း ကလေးများအား ရပ်ကွက်အလိုက် စာရင်းပေးသွင်းခြင်း/လက်ခံခြင်းနှင့် အစီအစဉ်အလိုက် ဆုံဆို့နာရောဂါကာကွယ်ဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများထိုးနှံပေးကြကြောင်း သိရသည်။
အဆိုပါ ဆုံဆို့နာရောဂါအပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာလ ၉ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်ရှိ တပ် (၄) တပ်တွင် သွားရောက်ထိုးနှံပေးပြီး၊ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ ကလေးများအားမိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)