ဆီဆိုင် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ပင်စုံကျေးရွာအုပ်စု၊ မန်းဦးကျေးရွာ၌ ကျေးရွာအတွင်း သဲဗြုန်းလမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ လမ်းမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်နှင့် တာဝန်ရှိသူတို့က လမ်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ယနေ့ဖွင့်လှစ်သော ကျေးရွာတွင်း သဲဗြုန်းလမ်းသည် လမ်းအရှည် ၃၂၀၀ပေ၊ လမ်းအကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မရှိ သဲဗြုန်းလမ်းကို ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့် ကျေးရွာ လူထုထည့်ဝင်ငွေ ကျပ်(၃၇၀၀၀၀၀)၊ စုစုပေါင်း (၁၃၇၀၀၀၀၀) ကုန်ကျခဲ့ပါကြောင်း၊ အဆိုပါ လမ်းပြီးစီးသည့်အတွက် ကျေးရွာအတွင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများသည် အစစအရာရာ မြင့်မားတိုးတက် လာမည် ဖြစ်သည့်အပြင် ကုန်စည် စီးဆင်းမှု ပိုမိုမြန်ဆန်လာခြင်းကြောင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်နှင့် တာဝန်ရှိသူတို့က ကျေးရွာအတွင်း သဲဗြုန်းလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)