တနင်္သာရီ မတ် ၁၄
ကမ္ဘာ့နိုင်ငံအများအပြားတွင် လတ်တလောဖြစ်ပွားနေသည့် Coronavirus ကြောင့် ကူးစက်ပျံ့နံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲနှင့် COVID-19 ဗိုင်းရပ်စ် ကာကွယ် ရေးဝတ်စုံ(PPE) အသုံးပြုဝတ်ဆင်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ ၁၂နာရီ ခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ အတွင်း ပြုလုပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်နှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဓါတ်ခွဲခန်းဝန်ထမ်းများ၊ ကျန်းမာရေး ဌာနဝန်ထမ်းများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တနင်္သာရီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းထိုက်က မိမိတို့ ကျန်းမာရေးဌာန ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ COVID-19 လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သတင်းအမှန်ထုတ်ပြန်ချက်များ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာတို့၌ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသဖြင့် ကျန်းမာရေးဝန်ထမ်းများအပြင် ပြည်သူလူထုတစ်ရပ်လုံးက စနစ်တကျ လိုက်နာ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရောဂါစောင့်ကြပ် ကြည့်ရှုလုပ်ငန်းနှင့် စစ်ဆေးစမ်းသပ်သည့် အခါမျိုးတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေး ဝတ်စုံ(PPE) အပြည့်အစုံ ဝတ်ဆင် အသုံးပြုနည်းအဆင့်ဆင့်ကို စနစ်တကျလိုက်နာပြီး လေ့ကျင့်ထားရန် အရေးတကြီး လိုအပ်ကြောင်း Projector ဖြင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေး ဝတ်စုံ(PPE)အပြည့်အစုံ ဝတ်ဆင်အသုံးပြုနည်း အဆင့်ဆင့် ဗွီဒီယိုကိုပြသပေးပြီး သူနာပြုဆရာမ ဒေါ်ဥမ္မာမျိုးမှ ကြီးကြပ်၍ ကျန်းမာရေးဆရာမတစ်ဦးက (PPE)ဝတ်စုံ အပြည့်အစုံအား လက်တွေ့ဝတ်ဆင်ပြသပေးကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)