မိုင်းဆတ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီ က မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဌာန ဆိုင်ရာများ ပူးပေါင်း၍ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းလှုပ်ရှားသွားလာသူများအား လူစုလူဝေး ရှောင်ကျဉ်ကြရန်၊ လက်ကိုစနစ်တကျဆေးရန်၊ Social Distancing တိကျစွာ လိုက်နာကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက Mask တပ်ဆင်သွားလာရန် စသည့်အချက်များကို နေ့စဉ်အသိပညာပေး ဆောင်ရွက် လျက်ရှိရာ မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ယနေ့ နံနက်ပိုင်းက Mask တပ်ဆင်သွားလာခြင်းမရှိသူ (၆)ဦးအား ဒဏ်ပေးသည့်အနေဖြင့် Mask (၁၀)ခုဝယ်ယူစေပြီး (၅)ခုအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ လှူဒါန်း၍ ကျန်(၅)ခုအနက် တစ်ခုကိုတစ်ပါတည်း တပ်ဆင် စေပြီးမှသာ လိုရာခရီးသို့ ဆက်သွားခွင့်ပြုခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးရှေ့၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မိုင်းတုံလမ်း ဆုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဖြိုးကိုကိုဝင်း တို့ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၁၂၀) ယာဉ်ထိန်းတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဌာနနှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)