မိုးနဲ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ရေဆင်း-၁၅ ဆောင်းသီးနှံ ပဲပုပ်မျိုးစေ့ထုတ် စိုက်ပျိုးမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက (GAP) စနစ်ဖြင့် ကွင်းသရုပ်ပြ ပညာပေးစိုက်ပျိုးခြင်းကို မိုက်ဟိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၃၃၊ တောင်သူ ဦးစိုင်းထွန်းရွှေ၏ လယ်မြေ (၂)ဧကတွင် ယနေ့နံနက် ၇ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက တောင်သူများနှင့်အတူ ပူးပေါင်းကာ တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် GAP စနစ်ဖြင့် သီးနှံစိုက်ပျိုးခြင်းဖြင့် စားသုံးသူပြည်သူများ ဈေးကွက်အတွင်းမှ အစားအစာများ ဝယ်ယူစားသုံး ရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချယုံကြည်စွာ သုံးစွဲနိုင်စေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးစနစ်ကောင်းများ ဖြစ်ပေါ်လာစေရန် စသည့် အကျိုးကျေးဇူးများကို တောင်သူများ ခံစားရရှိနိုင်ရန်အတွက်လည်းကောင်း၊ မိုးနဲမြို့နယ်တွင် ရေဆင်း-၁၅ ဆောင်းသီးနှံ ပဲပုပ်မျိုးစေ့ထုတ် ဧက ၁၅ ဧကရှိပြီး စိုက်ပျိုးသူတောင်သူ ၁၀ ဦးကို ကွန်ပေါင်းဓာတ်မြေဩဇာများ အခမဲ့ ထောက်ပံ့သည့်အပြင် (GAP)စနစ်ဖြင့် စိုက်နည်းစနစ် မှန်ကန်မှုရှိစေရေးအတွက် တောင်သူများနှင့် ပူးပေါင်းကာ ကွင်းသရုပ်ပြ ပညာပေးစိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)