ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)အကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ဝေါလေမြိုင် မတ် ၁၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝေါလေမြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရပ်ကွက်ပြန်ကြားရေးဆောင်၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့အုပ်ချုပ်ရေးမှူးဦးကောင်းရီက အဖွင့်အမှာစကားပြောကြားပြီး ဝေါလေတိုက်နယ်ဆေးရုံမှ အကြီးတန်းသူနာပြု ဒေါ်အေးနန္ဒာမြင့်က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) ကူးစက်နိုင်ခြေရှိသည့် အချက်များ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ရောဂါကာကွယ်သည့် အခြေခံအချက်များဖြစ်သည့် လက်ဆေးခြင်း၊ နှာခေါင်းစည်း(Mask)ဝတ်ဆင်ခြင်း၊ လူစုလူဝေးများသို့ သွားလာခြင်းများကို ရှောင်ကြဉ်ခြင်း စသည့် အချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြန်/ဆက်ဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နှင်းဝေဦးက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) နှင့်ပတ်သက်၍ လူမှုကွန်ယက်မီဒီယာများတွင် ဖော်ပြလျက်ရှိသော ကောလဟာလသတင်းများအား မယုံကြည်ရန်၊ ကျန်မာရေးဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအချက်အလက်များကိုသာ ယုံကြည်ကြရန်နှင့် ကလေးအလုပ်သမား ပပျောက်ရေး၊ ကလေးသူငယ်ဆိုင်ရာ ဥပ‌ဒေများအကြောင်း ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက် လာသော ပြည်သူများ၏မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ပြသထားသော နံရံကပ်‌စာစောင်များအား တက်ရောက်လာသူများက ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)